စိမ်းညက်ညီအမဘုရား ===================
စိမ်းညက်ညီအမဘုရား
===================
ပုဂံမှာဓမ္မရံကြီးပြီးရင် ဒုတိယမြောက်အထူးခြားဆုံးဘုရား။ ထူးခြားဆန်းကြယ်အဖြစ်အပျက်တွေလည်း အတော်များများရှိတယ်ဆိုတဲ့ဘုရား။ ဒီဘုရားတည်ရှိနေတာကတော့ မြင်းကပါရွာအကျော် ပုဂံမြို့သစ်မရောက်ခင်ကလမ်းမကြီးရဲ့အရှေ့ဘက် ကုန်းလေးပေါ်။
ဒီဘုရားဘွဲ့တော်က ဆန်းကြယ်ပါတယ်။ စိမ်းညက်ညီအမလို့ခေါ်ဆိုကြပါတယ်။
ဘာလို့စိမ်းညက်ညီအမခေါ်လဲ......
အစဥ်အလာအားဖြင့် ၁၁ရာစုက စိမ်းညက်မိဖုရားညီအမ တည်ထားတယ်လို့ပြောတဲ့ပါးစပ်ပြောရာဇဝင်သာရှိပါတယ်။ အနောက်ကဂူဘုရားကို အစ်မတည်ထားပြီး အရှေ့ပုထိုးကို ညီမတည်ထားတယ်လို့ အစဥ်အဆက်ပြောကြပါတယ်။
နောက်တစ်ခုကတော့ စိမ်းညက်မင်းသားက ဘုရား၂ဆူအတူတည်ထားလို့ ညီအမဘုရားလို့သတ်မှတ်ခေါ်ဆိုပြီး ရှေ့မှာ ဘုရားတည်သူ စိမ်းညက်မင်းသားအမည် စိမ်းညက်ဆိုတဲ့အမည်တပ်ခေါ်ဆိုကြသလားလဲယူဆရပါတယ်။ကျောက်စာအထောက်အထားမရှိ၍ တပ်အပ်မပြောနိုင်ပါ။ဘုရားနဲ့ပတ်သက်လို့ တိကျတဲ့သမိုင်းအထောက်အထားမတွေ့ရှိရပါ။
ပုဂံရာဇဝင်မှာ စိမ်းညက်ဆိုတဲ့အမည်တစ်ခုပါကြောင်းကိုတော့ မှန်နန်းရာဇဝင်မှာတွေ့ရပါတယ်။
"ရှင်အရဟံပရိနိဗ္ဗာန်ပြုတော်မူလျှင်ရှင်အရဟံအရာကို စိမ်းညက်မင်း သားတော် မဟာထေရ်ကိုပေး၍သာသနာပြုရ၏"လို့ ပါပါတယ်။ ဒါကြောင့် ဒီတစ်ခုသာ စိမ်းညက်အမည်နဲ့ ပတ်သက်နေတဲ့ အထောက်အထားတစ်ခုသာဖြစ်ပါတယ်။ဒီစိမ်းညက်မင်း သားတော် မဟာထေရ်ဆိုတာ ဟာ နရသူ၊နရပတိစည်သူတို့သမိုင်းကြောင်းမှာ ပါတဲ့ ပံသကူမထေရ်ပဲဖြစ်ပါတယ်။
စိမ်းညက်ညီအမဘုရားများကို ပုဂံမှာတွေ့ရခဲတဲ့ ဂူဘုရားနဲ့ ပုထိုးစေတီ ဘုရား၂ဆူအတူရှိနေလို့ ညီအမဘုရားလို့ခေါ်ဝေါ်ကြဟန်တူပါတယ်။ ဂူဘုရားကိုတော့ အေဒီ ၁၂ရာစုလက်ရာ၊ ပုထိုးစေတီကိုတော့ အေဒီ၁၃ရာစုလက်ရာလို့ သုံးသပ်ကြပါတယ်။ဒီလိုသာဆို ဘုရားနှစ်ဆူတည်ထားတာဟာ ကြားမှာအချိန်တော်တော်ခြားနေပြန်ပါတယ်။
စိမ်းညက်ညီအမဟာ သိုက်တစ်ခုခုနဲ့စပ်ဆက်နေသလားလည်းယူဆကြပါတယ်။တချို့ကလည်း ပုဂံခေတ်ကမိဖုရားညီအမလို့ပြောကြပါတယ်။ စိမ်းညက်မင်းဆိုတဲ့အထောက်ထားတွေ့ရသော်ငြား အများစုကတော့ မိဖုရားညီအမကိုသာ ပိုပြီးသိထားကြပါတယ်။ ဘုရားတွေကို ဒီညီအမကစောင့်ရှောက်နေတယ်လည်း ယုံကြည်ပါတယ်။
စိမ်းညက်ဘုရား၂ဆူမှာအစ်မတော်တည်တယ်ဆိုတဲ့ ဂူဘုရားပုံကတော့ အရှေ့ဆောင်ပါ အရပ်လေးမျက်နှာမုခ်ပေါက်ဖွင့် ကွမ်းတောင်ပေါက်ဂူဘုရားဖြစ်ပါတယ်။ အတွင်းမဏ္ဍိုင်ပါပြီးအရပ်
လေးမျက်နှာမှာ အာရုံခံရုပ်ပွားတော်လေးဆူရှိပါတယ်။ ဒီဘုရားမှာ အင်္ဂတေလက်ရာ နဲ့ နံရံပန်းချီ အနည်းငယ်ပဲကျန်ရှိပါတော့တယ်။
စိမ်းညက်ပုထိုးလို့ခေါ်တဲ့ ညီမတော်တည်တဲ့ဘုရားကတော့ သီဟိုဠ်ပုံကိုပစ္စယာ၃ဆင့်နဲ့ တည်ထားတဲ့ စေတီတစ်မျိုးဖြစ်ပါတယ်။ ဒီဘုရားမှာတော့ ပုဂံခေတ်အင်္ဂတေပန်းလက်ရာအချို့ကျန်ရှိနေသေးသလို သီဟိုဠ်ပုံအထွပ်ကို အမြောင်းအရစ်တွေနဲ့ထူးထူးခြားခြားတည်ထားတာပါ။ ဒါ့အပြင်စေတီအပေါ်ပိုင်းမှာ ပန်းဆွဲ၊ရင်စည်း၊ကြာဝန်းတို့ကို အထင်ရှားတွေ့နိုင်သလို သပိတ်မှောက်ရဲ့ကွမ်းတောင်ပေါက်ဂူဘုရားပုံ မုခ်ကပ်အတွင်းက ဓမ္မစက္ကမုဒြာဟန် ပုဂံခေတ်ရုပ်ပွားတော်ကိုဖူးမြော်ရပါတယ်။
စိမ်းညက်ညီအမဘုရားရှိရာကုန်းဟာ ကုန်းတက်ကုန်းဆင်းနေရာနားမို့ ယာဥ်မတော်တဆတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် စိမ်းညက်ညီအမနှစ်ဦး ရဲ့သတင်းနဲ့ မတော်တဆမှုကြောင့် မကျွတ်လွတ်သူများရှိတယ်ဆိုတာလည်း သတင်းကြီးပါတယ်။ တခြားထူးခြားတာတစ်ခုက ဂူဘုရားဟာ အရှေ့ဘက်လှည့်ဂူဘုရားဖြစ်ပေမယ့် အရှေ့က ဘုရားတစ်ဆူခံနေတာကလည်းထူးခြားပါတယ်။ တစ်ဆူတည်းပြီးမှ နောက်အချိန်ကြာမှ နောက်ဘုရားထပ်တည်လေသလား။ဘုရား၂ဆူအတူတစ်ပြိုင်တည်းတည်ခဲ့တာလားဆိုတာတွေးစရာတစ်ခုပါ။
အောက်ကအချက်တွေကတော့စိမ်းညက်နဲ့ပတ်သက်ပြီး ကျနော်တွေးမိတာလေးတွေပါ။
အရှေ့လှည့်ဂူဘုရားရဲ့ရှေ့မှာ ဘာလို့ ပုထိုးပုံဘုရားတစ်ဆူထပ်ရှိနေတာလဲ။
ဘုရားနှစ်ဆူကအတူတူတည်တာလား။
နောက်မှတည်တယ်ဆိုလည်း ဘာလို့ ဂူဘုရားကိုပိတ်ပြီးတည်တာလဲ။
နောက်ဘုရားတံတိုင်းနှစ်ထပ်မှာ အပြင်တံတိုင်းကကြည့်မယ်ဆို ပုထိုးဘုရားက အလယ်ပိုကျတာတွေ့ရပါတယ်။
ဘုရားနှစ်ဆူတည်လို့ ညီအမဘုရားခေါ်တာလား။
မိဖုရားညီအမတည်လို့ စိမ်းညက်ညီအမခေါ်တာလား။
စိမ်းညက်မိဖုရား၂ပါးကကော ဘယ်မင်းရဲ့မိဖုရားတွေလဲ။
သူတို့ဟာ ဓမ္မပါလစစ်သူကြီးလို ဘုရားကိုစောင့်ရှောက်နေဆဲလား။
သူတို့ဘုရားပြိုင်တည်ရခြင်းဟာ မတည့်လို့ တစ်ဦးနဲ့တစ်ဦး အပြိုင်တည်တာလား။
ညီအမ၂ယောက်ကုသိုလ်အတူပြုကြတာလား။
စသည်ဖြင့် တွေးစရာတွေအများကြီးရှိပါတယ်။
ဘုရားအကြောင်းနဲ့ သမိုင်းကြောင်းကတော့ဒီလောက်ပါပဲ။
Comments
Post a Comment